သီလအခြေခံသော မေတ္တာရင်ခွင်
မေတ္တာသည် ငြိမ်းအေးစေသော လက်နက်တစ်ခု
ရေသည် အညစ်အကြေးကို နိုင်သည်။ ဆေးသည် ရောဂါကို နိုင်၏။ အဒေါသ မေတ္တာ သမထ စွမ်းအားသည် အမျက်ထွက်သူ၊ စိတ်ဆိုးစိတ်ကောက် ရှိသူကို နိုင်၏။
ဝိပဿနာ စွမ်းအားသည် အပါယ်လေးဘုံကို ရောက်စေတတ်သော အကုသိုလ် ကိလေသာကို နိုင်၏။ မြတ်စွာ ဘုရားရှင်၏ မေတ္တာရင်ခွင်ကို ခိုနားခွင့် ရသော
ရောဇမလ္လပုတ္တသည် အရိယာ ဘ၀ထိ ရောက်ခဲ့ရသည်။
တစ်ခါတစ်ရံ မေတ္တာသည် အံ့ဩလောက်အောင် စူးရှသည်။ လွန်ခဲ့သော ၁၈-နှစ် ခန့်က ဤအရှင်သည် မြောက်ဦးမြို့အနီး သင်းကျက်တော် ဘုရားနှင့် ခပ်လှမ်းလှမ်းမှာ
တောရ ဆောက်တည်ခဲ့စဉ် တောခြောက် ခံရဖူး၏။ သစ်ပင်မှန်သမျှ လဲကျလိုက်၊ ပြန်ထောင်လိုက်နှင့် အသံတွေ ၀ုန်းဒိုင်းကြဲအောင် ဆူညံနေ၏။ တောစောင့်နတ်၊
တောင်စောင့်နတ်မှ အစ နာနာဘာဝ သတ္တ၀ါတွေဆီ စိတ်လွှတ်ပြီး မေတ္တာပို့ အမျှဝေလိုက်၏။ အံ့ဩရလောက်အောင် အသံဗလံတွေ တိတ်ဆိတ် ငြိမ်သက်သွားသည်ကို
ဤအရှင် မှတ်မိနေသည်။
ထူးထူးခြားခြား မှတ်သားထားမိသော အကြောင်းအရာ တစ်ခုမှာ နောက်တစ်နေ့ တောခြောက်ချိန်တွင် ဖြစ်၏။ ဤအရှင်နှင့် ၀ါးနှစ်ပြန်အကွာ သစ်ငုတ်တို ပေါ်တွင်
မျောက်ကြီးတစ်ကောင် ရောက်နေ၏။ ထိုမျောက်ကြီးမှာ လူလောက် ကြီးသည်။ အရောင်က အ၀ါရောင် ဖြစ်သည်။ ထို အကောင်ကြီးက တောခြောက်သည့် အသံများ
လာရာကို မျက်နှာမူပြီး ကျယ်လောင်သော အသံဖြင့် အော်လိုက်သည်။ ချက်ချင်းပဲ တစ်တောလုံး ငြိမ်ကျသွားသည်။ ဤအရှင်လည်း ထိုမျောက်ကြီးကို ကျေးဇူး တင်မိသည်။
မိမိကို လာရောက် စောင့်ရှောက်သူ အဖြစ် မှတ်ယူပြီး သူ့ကို အထူးမေတ္တာပို့ အမျှဝေလိုက်သည်။
ဤအရှင် တောရ ဆောက်တည်သည့် ကာလများတွင် ကျားများနှင့်လည်း ကြုံရ၏။ အဆိပ်ပြင်းသော မြွေများလည်း ဤအရှင် တရားမှတ်ရာသို့ လာဖူးကြ၏။ ဤအရှင်အား
အန္တရာယ်ပြုခြင်း မရှိဘဲ ရှောင်၍ရှောင်၍ သွားကြ၏။
ဤအရှင်သည် တောရဆောက်တည်စဉ် ပဲခူး နာရဏီသိမ် တောရ၊ ပဲခူး ကျောက်တန်း တောရ၊ ပဲခူး ဒေးစွန်ပါ ဆင်ပုန်းတောရ၊ သထုံ မူလမင်းကွန်း၊ ရေးမြို့နယ် မဇင်းတောရ၊
ထားဝယ်မြို့ ဓမ္မစကြာ ရိပ်သာ၊ လောင်းလုံမြို့နယ် မင်းရပ်ချောင်တောရ စသည်တို့တွင် တောရ ဆောက်တည်ခြင်း၊ ယာယီ သီတင်းသုံးခဲ့ခြင်း ရှိသည်။
ထားဝယ်မြို့ ဓမ္မစကြာ ရိပ်သာတွင် တရားထိုင်၊ တရားဟောခဲ့စဉ် ဤအရှင်အား ကိုအောင်နိုင်+ မစန်းစန်းယု တို့က သိက္ခာထပ် ပူဇော်ကြသည်။ ဤအရှင်၏ မှတ်တမ်းတွင်
ထိုသိက္ခာထပ် ပူဇော်ပွဲသည် အကြိမ် (၂၀၀) မြောက် ပူဇော်ပွဲ ဖြစ်သည်။
ထားဝယ်မြို့ ဓမ္မစကြာ ရိပ်သာမှာ သီတင်းသုံးခိုက် တစ်ခုသော တရားပွဲတွင် မြောက်ဦးရှိ ရတနာ မာန်အောင်ကျောင်းကို ရောက်ဖူးသော၊ ကျောင်းအတွက် အလှူငွေ
ထည့်ခဲ့ဖူးသော ဒေါ်ပိုနွဲ့ ဆိုသည့် ဒါယိကာမကြီးနှင့် ဆုံဖြစ်သည်။ ထို ဒါယိကာမကြီး၏ နှိုးဆော်မှုကြောင့်ပင် ဖြစ်မည်။ ဤအရှင်အား ဦးအောင်ဝင်းကို+ဒေါ်ပိုနွဲ့၊
ဦးဌေးဝင်း+ဒေါ်လှထွေး၊ ဦးဝင်းတင့်+ ဒေါ်ကြူရီ၊ ဒေါ်သီတာမိုး၊ မယဉ်ယဉ် စသည့် ဒါယကာ၊ ဒါယိကာမများသည် ရှင်ကိုးရှင်၊ မောင်းမကန် ကမ်းခြေကို လိုက်ပါ
ပို့ဆောင်ပေးကြသည်။ မင်းရပ်ချောင် တောရ၌လည်း (၂၀၁) ကြိမ်မြောက် သိက္ခာထပ် ပူဇော်ပွဲကို ကျင်းပပေးကြသည်။
မင်းရပ်ချောင် တောရသည် လွန်ခဲ့သည့် နှစ် (၈၀) ကျော်က ရဟန္တာဟု မြန်မာနိုင်ငံ တစ်လွှား ကျော်ကြားခဲ့သော ဘုန်းတော်ကြီး ဦးသီလ နေသွားခဲ့သော နေရာထူး ဖြစ်သည်။
ကမ္မဋ္ဌာန်း ကျောင်းသေးပေါင်း ၃၀၀ ကျော်လောက် ရှိခဲ့သည်ဟု သိရသည်။ ယခုပင် ကျောင်းအဆောင် ၁၀၀ ကျော် ရှိနေသေးသည်။
ဤအရှင် အားထုတ်ခဲ့သမျှသော တောရ မှန်သမျှထဲတွင် ဤ မင်းရပ်ချောင် တောရသည် ဤအရှင် အကြိုက်နှစ်သက်ဆုံး ဖြစ်သည်။ ရိပ်သာ ဆရာတော်က အတ္တစွဲ မရှိ၊
မိမိတို့ ဆန္ဒရှိသည့် နည်းဖြင့် တရားအားထုတ်ခွင့် ပြုထား၍ ဖြစ်သည်။ နည်းမရသေးပါက စိတ်ကို တင်ပါးနှင့် ကြမ်းပြင် ထိနေသည်ကို စိတ်က ကပ်၍ ထိတယ်၊ ထိတယ်၊
သိတယ်၊ သိတယ် စသည်ဖြင့် အခြေခံကစ၍ မှတ်ပြီး ဖြစ်ပျက်မြင်အောင် ရှုပွားနိုင်ကြောင်း၊ ရှုနည်းက လွယ်ပြီး တရားတိုးတက်မြန်ကြောင်း ဆင်ခြင်မိသည်။
မမြင်ရသည့် ပုဂ္ဂိုလ်တွေကလည်း အတော် များလာဟန် ရှိသည်။ ဤအရှင် သီတင်းသုံးသည့် ကျောင်းတွင် တံမြက်စည်း လှည်းသံလိုမျိုး တရှဲရှဲ အသံတွေ၊ ခြေသံတွေ၊
တံခါးဖွင့်သံ ပိတ်သံတွေ ကြားရသည်။ ထိုထိုသော မမြင်ရသည့် ပုဂ္ဂိုလ်များ၏ အရိပ်အယောင် အသံဗလံ၊ အနံ့အသက်တို့ကို ကြားရ၊ မြင်ရ၊ နမ်းရှူရမိတိုင်း သံသရာ
အဆက်ဆက်က ဆွေတော် မျိုးတော်များဟု အမှတ်ပြုလိုက်ပြီး တတ်နိုင်သမျှ သူတို့ ကုသိုလ် ရကြစေရန် ဤအရှင်သည် သီလလည်း ပေး၏။ သရဏဂုံလည်း ဆောက်တည်စေ၏။
ဓမ္မစကြာသုတ်၊ အနတ္တ လက္ခဏသုတ်၊ ပဋ္ဌာန်း ပစ္စယုဒ္ဒေသနှင့် ပရိတ် တရားတော်များ ချီးမြှင့်ရွတ်ဖတ် ပူဇော်ပေးသလို မေတ္တာပို့ခြင်း၊ အမျှဝေခြင်းကိုလည်း အထူး
အလေးအနက်ထား၍ ပြုခဲ့၏။ ထို့ကြောင့်လည်း ဤအရှင် တောရ ဆောက်တည်ခဲ့သည့် ကာလများတွင် ဘေးမရှိ၊ အန္တရာယ် မရှိခဲ့ကြောင်း ဆင်ခြင်မိသည်။
ထို သတ္တ၀ါများ၏ အရိပ်အယောင်၊ အသံဗလံများကို ကြားမိ၊ သိမိတိုင်း ဤအရှင်သည် ဆင်ခြင်မိသည်မှာ လောကကြီးသည် သိပ်ဆန်းကြယ်သည်။ မြင်ရသည့် ပုဂ္ဂိုလ်တွေ
ရှိသလို၊ မမြင်ရသည့် ပုဂ္ဂိုလ်တွေကလည်း အများကြီးရှိမည်။ မြင်ရသည့် ပုဂ္ဂိုလ်တွေက နည်းပြီး၊ မမြင်ရသည့် ပုဂ္ဂိုလ်တွေက များနိုင်သည်ဟူ၍ ဖြစ်သည်။
လောကကြီးမှာ ကုသိုလ် ပြုသူက မပြောပလောက်သာ ရှိပြီး၊ အကုသိုလ် ပြုသူတွေက မရေ မတွက်နိုင်အောင် များလွန်းလှသည် မဟုတ်ပါလား။ ထို့ကြောင့်လည်း
ကုသိုလ် ဆိတ်သုဉ်းသူများ အတွက် သံသရာ လောကကြီးက အမိုက်မှောင်ကြီး ဖြစ်နေပါကလား။
မစဉ်းစားမိ လျှင်တော့ လောကကြီးသည် ပျော်စရာ ကောင်းနေသည်။ ဉာဏ်နှင့် စဉ်းစားကြည့်ပါက မှိတ်ထားသည့် မျက်စိ မဖွင့်ရဲအောင် ကြောက်စရာ ကောင်းလှသည်။
ဖွင့်ထားသည့် မျက်စိ ပြန်မမှိတ်ရဲအောင် ကြက်သီးထဖွယ်၊ ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ်လည်း ကောင်းလှသည်။
လူတွေ ဘာကြောင့် သတိလက်လွတ် ဖြစ်နေကြပါလိမ့်၊ မေ့မေ့ လျော့လျော့နှင့် ဘာကြောင့် လောကကြီးကို ပျော်စရာဟု မှတ်နေကြပါလိမ့်။ အ၀ိဇ္ဇာ၊ တဏှာ၏ ဖိအားသည်
သိပ်ကြီးမား လေးလံလွန်းလှ ပါတကား။ တကယ့် ချမ်းသာအစစ်ကို ရှာဖို့ စိတ်မကူးကြဘဲ ချမ်းသာတု၊ ပျော်စရာတုနှင့် ဘာကြောင့်များ ကျေနပ်ပြီး အချိန်ဖြုန်းနေကြပါလိမ့်။
တစ်ခုတော့ ရှိသည်။ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ပို့ဆောင်ပေးသော တရားက တိမ်မယောင်နှင့် နက်သည်။ လွယ်မယောင်နှင့် ခက်သည်။ သဒ္ဓါ၊ ၀ီရိယ စသော ဗိုလ်ငါးပါးက
ို ရှေ့တန်းတင်ပြီး အားထုတ်နိုင်ဖို့တော့ လိုသည်။ ဇွဲလုံ့လ၊ ၀ီရိယ၊ သတ္တိ၊ ဗျတ္တိတော့ ရှိရမည်။ စွန့်စားနိုင်ရမည်။ နိဗ္ဗာန ဓါတ်ကို မရအရ ယူမည်ဟူသော ပြင်းပြ ထထက်သန်သော
စိတ်ရှိဖို့တော့ လိုသည်။ ကံလမ်းနှင့် သွား၍မရ၊ ဉာဏ်လမ်း ဉာဏ်စခန်း ဖြစ်သည်။
ရှေးက အရိယာ သူတော်ကောင်းကြီးများက ကံလမ်းကို စွန့်၍ ဉာဏ်လမ်းနှင့် လိုက်ခဲ့ခြင်းကြောင့် နိဗ္ဗာနဓါတ်ကို ရခဲ့ကြကြောင်း သက်သေ သာဓကတွေ ထားခဲ့ကြသည်။
သူမတူအောင် စွန့်၊ သူမတူအောင် ကျင့်မှ သူမတူသည့် တရားထူးတွေ ရနိုင်ကြောင်းလည်း အလုပ်နှင့် သက်သေ ပြသွားကြသည်။
တစ်ဘ၀တည်း သည်းခံပြီး စွန့်စွန့်စားစား အားထုတ်သွားမည် ဆိုလျှင် သံသရာ တစ်လျှောက်လုံး မည်သည့်အခါမှ ဒုဂ္ဂတိ ဘ၀ကို မကျရောက်ဘဲ သုဂတိ ဘ၀ကိုသာ
ရောက်မည် ဖြစ်သည်။ အိုရမည့် ခန္ဓာ၊ နာရမည့် ခန္ဓာ၊ သေရမည့် ခန္ဓာဆိုးကြီးနှင့် မတွေ့မကြုံ မဆုံတော့ဘဲ တစ်ထောင့်ငါးရာ ကိလေသာ အပူဓါတ်၊ အလောင်ဓါတ်
ချုပ်ငြိမ်းသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရမည် ဖြစ်သည်။
ယခု လူတိုင်း လူတိုင်း ကိုယ်တွေ့ကြုံကြ၊ သိကြပါသည်။ ခန္ဓာ့ဝန် ထမ်းနေရတာ ဘယ်လောက် ပင်ပန်းရသနည်း။ ထိုင်နေရင်လည်း ညောင်း၊ ထသွားလျှင်လည်း ညောင်း၊
အိပ်နေရင်လည်းညောင်း ဒုက္ခ ကြီးလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ ဒါကို မြင်အောင် ကြည့်တတ်ဖို့တော့ လိုသည်။ ကြည့်တတ်လျှင် မြင်ပါသည်။ မကြည့်တတ်လျှင်
ကြည့်နည်းကို ပြပေးပါမည်။
စာဖတ်ပြီး ခန္ဓာကိုယ်ကို ခဏပြန်ကြည့်ပါ။ ဖြည်းဖြည်းဖတ်ပါ။ လောပြီး မဖတ်စေချင်ပါ။ တရားဆိုသည်က သတိကပ်ပြီး ဉာဏ်ဖြင့် ကြည့်တတ်မှ ရတာ။
“တရားပျောက် ခန္ဓာကိုယ်မှာရှာ၊ တရားရှာ ခန္ဓာမှာတွေ့” ဟူ၍ ရှေးသူတော်ကောင်းကြီးများ မိန့်ကြားခဲ့ကြ ဖူးပါသည်။ တရားအသိထူး ပေါ်လွင်အောင် ခန္ဓာနှင့်
တိုက်ကြည့်။ အပြောသမား မဟုတ်ရလေအောင် စာအုပ်မှာ လမ်းမဆုံးဘဲ သူများ ပါးစပ်မှာ လမ်းမဆုံးရအောင် ဘ၀ မြှင့်တင်ရေး၊ အပါယ် တံခါးပိတ်ရေးကို ရှေးရှုပြီး
ဖတ်ပါ၊ မှတ်ပါ။ ကြည့်ပါဟု အကြံပြုချင်ပါသည်။
တရားအားထုတ်နည်း သုံးနည်း ရှိသည်ဟုလည်း ဆိုချင်ပါ၏။ ယင်း သုံးနည်းမှာ-
၁။ တရားနာသည့်အခါ ခန္ဓာကိုယ်ကို ဉာဏ်ကစိုက်ပြီး စူးစူးစိုက်စိုက် နာယူခြင်း (သို့မဟုတ်) တရားစာအုပ် ဖတ်သည့်အခါ ခန္ဓာကို အကဲခတ်၍ ဖတ်ခြင်း၊
၂။ မိမိ မရှင်းလင်းသည်ကို ရိုးသား ဖြောင့်မတ်စွာ မေးမြန်း ဆွေးနွေးခြင်း၊
“တရားစည်ကြီး၊ ရိုက်ဆော်တီး၊ မြည်ဟီး ဘ၀ဂ်တိုင်၊ ကိလေသာနား၊ ပိတ်ကာထား၊ လုံးဝမကြားနိုင်” ဟူ၍ မှတ်ယူကြစေလိုပါသည်။
၃။ လက်တွေ့ ကိုယ်တိုင် ကျင့်သုံးခြင်းတို့ ဖြစ်သည်။
| < Prev |
|---|

